Friday, July 13, 2007

အာဇာနည်ကြီးများကို အထူးအလေးထားကာ ဂုဏ်ပြုကြပါစို့ 

ပြည်တွင်းပြည်ပမြန်မာလူငယ်များ
(ဇူလိုင် (၁၉) ရက်နေ့ ။ ။ ခေတ်အဆက်ဆက် ပြောင်းခဲ့သော်လည်း၊
ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေသည့် သမိုင်းဝင်နေ့ ထူး ရက်တစ်ရက်)

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်၊
ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။

ဟူ၍ မြန်မာပြည်သူလူထုတစ်ရပ်လုံး ရင်တွင်းဝယ် ကြေကွဲ ၀မ်းနည်းခဲ့ရသည်မှာ နှစ်စဉ်နှစ်တိုင်း မမေ့အပ်သော အာဇာနည်နေ့ ပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတွင် ပြည်သူလူထုနှင့် တပ်မတော်အား ဦးဆောင်ကာ၊ တမျိုးသားလုံး လွတ်လပ်ဖို့  ကြိုးပမ်းပေးခဲ့သော ပြည်သူလူထုတစ်ရပ်လုံးနှင့် တပ်မတော်၏ ဖခင် အာဇာနည်ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်သည့် တိုင်းပြည်ခေါင်းဆောင်များအား အာဏာရူးအုပ်စုတစ်စုမှ လက်နက်အားကိုးဖြင့် ၀န်ကြီးများရုံး အစည်းအဝေးခန်းမ အတွင်း ၀င်ရောက်ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့မှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော်ကိုထွေးတို့  ကျဆုံးခဲ့ရကြပါသည်။

ထိုအာဇာနည်ကြီး (၉)ဦး၏ အသက်ဆုံးရှုံးမှုသည် မြန်မာနိုင်ငံသမိုင်းဝယ် ပြည်သူလူထုနှင့်တပ်မတော်သားများ အားလုံးအဖို့  ယူကြုံးမရဖြစ်ကာ အထူးကြေကွဲဝမ်းနည်းခဲ့ရသောနေ့ တစ်နေ့ အဖြစ် သမိုင်း ကဗျည်းတင်ခဲ့ပါသည်။

အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးမှုသည် မြန်မာပြည်အနာဂတ်တွင် မိမိနှင့် မိသားစု ကိုယ်ကျိုးသာ ကြည့်သော အာဏာမက်မောသူ အာဏာရူးတို့ အတွက် ပြည်သူနှင့် တပ်မတော်တို့ ၏ မျက်နှာကို မထောက်ပဲ တိုင်းပြည် အာဏာကို မတရားရယူနိုင်စေရန် အခွင့်အလမ်းများ ရရှိစေခဲ့ပေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့ တိုင်းပြည်လွတ်လပ်ရေးအား ကိုယ်ကျိုးစွန့် ပြီး အသက်ကို ပဓာနမထားပဲ၊ စွန့် လွှတ် အနစ်နာခံကာ ကြိုးပမ်းပေးခဲ့သူများအား တိုင်းပြည်၏အမျိုးသားခေါင်းဆောင်များအဖြစ် ထိုက်တန်စွာ ဂုဏ်ပြုလေ့ ရှိကြပေသည်။

မြန်မာနိုင်ငံတွင် ယခင်ကဆိုလျှင် ဇူလိုင်(၁၉)ရက်နေ့ရောက်တိုင်း အာဇာနည်ကြီးများ ကျဆုံးချိန်၌ ဥဩဆွဲခြင်းဖြင့် နိုင်ငံတ၀ှမ်း တိုင်းသူပြည်သားများမှ ငြိမ်သက်စွာအလေးပြုကြခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင်မိန့် ခွန်းများ အား ရေဒီယိုမှထုတ်လွှင့်ခြင်း၊ စာသင်ကျောင်းများနှင့်  မြို့ နယ်ရပ်ကွက်များတွင် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ ရွတ်ဆိုပွဲ၊ စာစီစာကုံးရေးသားမှုပြိုင်ပွဲများ ကျင်းပခြင်းတို့ ကို နှစ်စဉ်မပျက် ပြုလုပ်ခဲ့ကြသော်လည်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီ မှ မတရားအာဏာ သိမ်းပိုက်သည့် အချိန်မှ စတင်ကာ၊ ယခုလက်ရှိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ကောင်စီ ဟု အမည်တပ် ထားသော နအဖသည် ပြည်သူနှင့် တပ်မတော်၏ ဂုဏ်ကျေးဇူးကို မထောက်ပဲ မိမိကိုယ်ကျိုးတခုတည်းကိုသာ ကြည့်လျက် အာဇာနည်နေ့ အား မေ့ပျောက်ရန် ကြိုးပမ်းလျက်ရှိသည်။

တပ်မတော်ကို ခုတုံးလုပ်ကာ ပြည်သူ့ အာဏာကို မတရားလိမ်လည် ရယူထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုမှာလည်း ၄င်းတို့  ချယ်လှယ်နေလိုက်ချိန်တွင် ကျဆုံးလေပြီးသော အမျိုးသားအာဇာနည်ကြီး များအား အလေးထားဂုဏ်ပြုခြင်းများကို မှန်မှန်ကန်ကန် ပြုလုပ်ရန်ဝေးစွ၊ တပ်မတော်နှင့် ပြည်သူလူထု၏ လွတ်လပ်ရေး သမိုင်းမှန်ကိုလည်းကောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းကိုလည်းကောင်း ဖျောက်ဖျက်ရန် ကြိုးစားးလျက်ရှိပေသည်။

အဆိုပါ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းတွင် လှုပ်ရှားမှုခဲ့မှုများအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အထူးတလည် ဖော်ကျုးခြင်း မရှိသည့်အပြင်၊ မူလကတည်းက တည်ရှိနေခဲ့သော အာဇာနည် ခေါင်းဆောင်ကြီး များ၏ ပုံရိပ်လွှာများအား တဖြည်းဖြည်းချင်း ပျောက်ကွယ်စေရန် လုပ်ဆောင်လျက် ရှိပေသည်။

အာဇာနည်ကြီးများ၏ ရုပ်ကလာပ်တည်ရှိရာ အာဇာနည်ကုန်းဗိမာန်တွင် ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့ကြသော နိုင်ငံတော်အကြီးအကဲများ
ဖြစ်ကြသည့် သမ္မတ၊ ၀န်ကြီးချူပ်၊ ၀န်ကြီးများသည် အာဇာနည်နေ့ ရောက်တိုင်း နိုင်ငံတော်အခမ်းအနားဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဂုဏ်ပြု ဦးညွတ်လေ့ရှိခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပြည်သူနှင့် တပ်မတော်၏ ခေါင်းဆောင်ကြီးများအား ဟန်ဆောင်ဂုဏ်ပြု ရန်အတွက် သာမန်လက်အောက်ငယ်သား ၀န်ကြီးအဆင့်မျှကိုသာ စေလွှတ်ကာ ၀တ်ကျေတန်းကျေ ဆောင်ရွက်မှုသာ ပြုလုပ်လျက်ရှိနေပေသည်။ ၄င်းကိုယ်တိုင် သွားရောက်အလေးပြု ဂါရ၀ပေးခြင်းမရှိပေ။

တိုင်းသူပြည်သားများမှ ကျဆုံးလေပြီးသော အာဇာနည်ကြီးများအား သွားရောက်အလေးထားဂုဏ်ပြုရန်အတွက် အာဇာနည်ကြီးမျာ၏ ရုပ်ကလပ်ရှိရာ အာဇာနည်ဂူဗိမာန်သို့ လွတ်လပ်စွာသွားရောက်ခွင့်ကို နအဖမှ ချုပ်ချယ် တားမြစ်ထားခြင်းမှာလည်း၊ လက်ရှိတိုင်းပြည်အာဏာကို တရားမ၀င်ရယူထားသော မိမိကိုယ်ကျိုးတခုတည်းသာ ကြည့်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျဆုံးလေပြီးသော ပြည်သူနှင့် တပ်မတော်၏ ခေါင်းဆောင် အာဇာနည်ကြီးများအပေါ် မထေမဲ့မြင်ပြုလုပ်ချက် ဖြစ်ရုံသာမက၊ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် အသက်စွန့် လွှတ်ခဲ့ကြသော အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကိုလည်း စော်ကားရာလည်း ရောက်ပါသည်။

ယခုအခါတွင် နောင်လာနောက်သား မျိုးဆက်သစ်များမှာ ကျဆုံးသွားသော အာဇာနည်ကြီး (၉)ဦးအကြောင်းအား သိရှိရန်ဝေးစွ၊ မြန်မာ့တပ်မတော် စတင်ထူထောင်ခဲ့သူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပင်လျှင် သေချာစွာမသိရှိကြတော့သော အခြေအနေသို့ ရောက်ရှိလာသည်ကို ရင်နင့်ဖွယ် တွေ့ ရှိရပါသည်။

သို့ ဖြစ်ပါ၍ တပ်မတော်နှင့်ပြည်သူတို့ ၏ ဖခင် အာဇာနည်ခေါင်းဆောင်ကြီး များအား အထူးလေးစားဂုဏ်ပြုသော အားဖြင့်၎င်း ၊ တိုင်းပြည်လွတ်လပ်ရေး အတွက် ကြိုးပမ်းပေးခဲ့ကြသော အာဇာနည်ကြီးများ၏ ကျေးဇူးကို သတိရ အောင့်မေ့သောအားဖြင့်၎င်း၊၊

၁။ မကြာခင်ကျရောက်မည့် အာဇာနည်နေ့  ဇူလိုင်လ (၁၉)ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီတွင် မိမိတို့  ရောက်ရှိရာဒေသ၌ ငြိမ်သက်စွာ အလေးပြုကြပါရန်၊

၂။ လာမည့် ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့ တွင် အဖြူရောင် အင်္ကျီများဝတ်ဆင်ပြီး၊ ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် အနက်ရောင်ဖဲပြားများ ရင်ဘတ်တွင် ထိုးခြင်း ပြုလုပ်ကြပါရန်၊

၃။ ဤအာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ကြီးများအား ရည်ရွယ်ပြီး ဘာသာရေးဆိုင်ရာ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ကြပါရန်၊

၎။ အများပြည်သူ မြင်သာသောနေရာများနှင့် မိမိတို့ မော်တော်ယာဉ်များတွင် အာဇာနည်ကြီးများ၏ ဓါတ်ပုံများနှင့် ၀မ်းးနည်းခြင်းအထိမ်းအမှတ် ပန်းစည်းလေးများ ချိတ်ဆွဲခြင်း ပြုလုပ်ကြပါရန်။

၅။ တပ်မတော်နှင့် ပြည်သူလူထုခေါင်းဆောင်အာဇာနည်ကြီးများ၏ မော်ကွန်းဝင် သမိုင်းကို ဖုံးကွယ် ဖျောက်ဖျက်ခြင်း ပြုလုပ်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုအား ကန့် ကွက် သောအားဖြင့် (ပြည်သူ့  ငွေကြေး များဖြင့် အလွဲသုံးစားလုပ်ကာ ပိုင်ဆိုင်လျက်ရှိသော) ၄င်းတို့ ၏ စားသောက်ဆိုင်များ လုပ်ငန်းများအား အာဇာနည်နေ့ မှ စတင်ကာ လုံးဝအားပေးခြင်း မပြုလုပ်ကြဘဲ ဆန့် ကျင်သပိတ်မှောက် ကြပါရန်၊

အမျိုးသားရေး စိတ်ဓါတ် အပြည့်ဖြင့် မိမိတို့ ၏ဆန္ဒများအား ထုတ်ဖေါ် ပြသကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။


ပြည်တွင်းပြည်ပ မြန်မာလူငယ်များ

Sunday, July 8, 2007

အမျိုးသားညီလာခံ ကိုယ်စားလှယ်တော်ကြီးများသို့  ပေးစာ



သို့

ညောင်နှစ်ပင်ညီလာခံသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား

၆ ၊ ၇ ၊ ၂၀၀၇

ညောင်နှစ်ပင်ညီလာခံကို နောက်ဆုံးအကြိမ်အဖြစ် လာမည့် ၁၈ ရက်နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ၄င်းညီလာခံတွင် ချမှတ်ပြီးခဲ့သော အသေးစိတ် အခြေခံမူများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ လုပ်သွားမည်ဟု ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားခဲ့ပါသည်။

၁၄နှစ်တာ ကမ္ဘာ့အချိန်အကြာမြင့်ဆုံး စိတ်ကြိုက်ရေးဆွဲခဲ့သော်လည်း အမှားမကင်းသေးဘဲ ပြင်ဆင်၊
ဖြည့်စွက်၊ ပယ်ဖျက်ရမှာတွေ ထွက်ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်စားလှယ်တော်ကြီးများက
အချိန် ကြာမြင့်စွာ ဆွေးနွေးအတည်ပြုခဲ့သည့် အချက်များအတွက် စဉ်းစားစရာများ ဖြစ်ပေါ်လာသလို အာမခံချက် မရှိသေးကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်။ ၄င်းဖွဲ့စည်းပုံကို အတည်ပြုပြီးနောက် ၁၀နှစ် အတွင်း ပြင်ဆင်ခြင်းမပြုရဟု ထည့်သွင်းထားခြင်းမှာ မှန်ကန်မှုရှိပါမည်လား ဟု မေးခွန်းထုတ်စရာ ဖြစ်လာပြီး၊ ဤကန့်သတ်ချက်ကြောင့် ပေါ်ပေါက်လာမည့် မလိုလားအပ်သော အကျိုးဆက်များကိုလည်း မည်သူက တာဝန်ခံပါမည်နည်းဟု ထပ်မံ၍ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။

ဤသို့သော အမှားများကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ပြည်သူများက အပြုသဘောဖြင့်လည်း ဝေဖန်ထောက်ပြခြင်း မပြုရဟု ဥပဒေထုတ်၍ တားမြစ်ထားသော်လည်း ယခုကိုယ်စားလှယ်တော်ကြီးများက ပြုလုပ်ထားရစ်ခဲ့မည့် ကိစ္စများ၏ အကောင်း အဆိုး အကျိုးဆက်များကို အမွေအဖြစ် စံစား၊ ခံစားရမည်မှာ ကျွန်ုပ်တို့ လူငယ်များပင် ဖြစ်ပါ၍ ဖွဲ့စည်းပုံတွင် ထည့်သွင်းသင့်သည့် ( သို့မဟုတ်) ထည့်သွင်းရန်မလိုအပ်သည့် အချက်များကို အချိန်မလွန်ခင် ကိုယ်စားလှယ်တော်ကြီးများအား ဝေဖန် ထောက်ပြလိုက်ရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများတွင် ပြဿနာများစွာ ရှိနေပါသည်။ ထိုပြဿနာများ အဘယ့်ကြောင့်ဖြစ်ရသည်ကို သေချာစွာ ဆန်းစစ်ကြည့်ပါလျှင် ကိုယ်ကျင့်စာရိတ္တပျက်ယွင်းခြင်းက အခြေခံအကြောင်းရင်း ဖြစ်နေသည် ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများ၌ ပြဿနာ ပေါ်ပေါက်မှု နည်းနိုင်သမျှနည်းပါးစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် သေချာစီစစ် ရေးဆွဲ ရပါသည်။ ထိုကဲ့သို့ ရေးဆွဲရာတွင် ရွေးကောက်ပွဲမှ အနိုင်ရ၍ တာဝန်ထမ်းဆောင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များတွင် အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားခဲ့သူများ မပါဝင်လာစေရန် လည်းကောင်း၊ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အာဏာအလွဲသုံးစား လုပ်ပြီး အကျင့်ပျက်
ခြစားသူများ ဖြစ်မသွားစေရန်လည်းကောင်း၊ အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားသူများ ဖြစ်သွားလျှင်လည်း ချက်ခြင်းသိရှိကာ အရေးယူ အပြစ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးမျိုးသော ထိန်းချုပ်ကန့်သတ်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သေသေချာချာ တွက်ချက်ပြီး ထည့်သွင်း ရေးဆွဲကြ ပါသည်။

ယခု ၁၄နှစ်တာ အချိန်ယူရေးဆွဲနေသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အနိုင်ရ ကိုယ်စားလှယ်များ တာဝန်မထမ်းဆောင်မီနှင့် တာဝန်ထမ်းဆောင်ပြီး ကာလတို့တွင် ၄င်းတို့ မိသားစုများ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးစာရင်းပြုစု၍ တိုင်းပြည်ကို ကြေငြာခြင်းများ၊ တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် စာနယ်ဇင်းနှင့်
သတင်း မီဒီယာများ၊ အစိုးရ၏ လာဘ်စား အကျင့်ပျက်မှုများအား စောင့်ကြည့်သည့် အစိုးရမဟုတ်သော
လွတ်လပ်သည့် အဖွဲ့အစည်းများ စသည်တို့၏ စောင့်ကြည့်ဖေါ်ထုတ်မှုကို ခွင့်ပြုခြင်းများ၊ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံ မဖြစ်စေရန် တွက်ချက်ကန့်သတ်ခြင်းတို့ကို ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါသည်။

ဤကဲ့သို့ ထိန်းချုပ်ကန့်သတ်ထားသည့် ဥပဒေအချက်အလက်များကို ထည့်သွင်း ရေးဆွဲထားခြင်း မရှိ၍ နောင်တချိန်တွင် အင်ဒိုနီးရှားသမ္မတ ဆူဟာတို မိသားစု၊ ဖိလစ်ပိုင်သမ္မတ မားကို့စ်၊ မြန်မာဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ယခုနောက်ဆုံး ထိုင်းဝန်ကြီးချုပ် သက်ဆင် တို့ကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပေါ်လာ
ပါက ပြည်သူများအလွန်ကို နစ်နာဆုံးရှုံးရပါလိမ့်မည်။

ဦးနေ၀င်းနဲ့ သူ့ရဲ့ မဆလပါတီကြောင့် တိုင်းပြည်ကမောက်ကမဖြစ်ရသည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောခဲ့သောစကားက သက်သေခံနေပါသည်။

ယခု ညောင်နှစ်ပင်ညီလာခံ မပြီးသေးသောကာလမှာပင် အဖွဲ့သားအားလုံးပိုင် လက်ကိုင်ဖုန်း ၁၀လုံးကို တစ်ဦးတည်းပိုင်အဖြစ် ရောင်းစားသောသူ၊ ငွေအရှုပ်အရှင်း အမှုဖြင့် ထောင်ဒဏ် နှစ်ကြိမ် ကျခံထားရသောသူ စသည်တို့က နိုင်ငံရေးပါတီဖွဲ့၍ ရွေးကောက်ပွဲဝင်မည် ဖြစ်လာ နေကြပါသည်။

ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အဖွဲ့က ငွေလိုချင်သောအခါ ကုန်သည်စီးပွားရေးသမားများကို ခေါ်ယူ၍ ကုလားထိုင်ပေါ်ထိုင်ခိုင်းပြီး အာဏာအလွဲသုံးစားပြု၍ ငွေတောင်းခဲ့သည်များကိုလည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို တာဝန်ခံထားသည့် ဗိုလ်ချုပ်ကြီးသူရရွှေမန်းပင်လျှင် ဆယ်စုနှစ်တစ်ခု ကြာသည့်တိုင်အောင် မသိရှိခဲ့ရပေ။ သိရှိသောအခါတွင် အာဏာလျှော့ယူရန် ငြင်းဆန်၍ အမိန့်မနာခံသည် အထိ ဖြစ်ခဲ့ရသည့် သာဓကများရှိပါသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် အတွင်း လာဘ်ပေးလာဘ်ယူ ပြုလုပ်ကြောင်း ပေါ်ပေါက်လာပါက ကျူးလွန်သည့် ပြစ်မှုပေါ်အခြေခံ၍ ထိုက်သင့်သော အပြစ်ဒဏ် (အမြင့်ဆုံးအဆင့် သေဒဏ်အထိ ) ကျခံရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲပါရန် တောင်းဆိုအပ်ပါသည်။

အကယ်၍ အောက်ပါအချက်များ ဖြစ်ပေါ်လာလျှင် မည်သို့ဖြေရှင်းရမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားပါရန်ကိုလည်း အလေးအနက်တောင်းဆိုအပ်ပါသည်။

ဖွဲ့စည်းပုံမှအပ်နှင်းထားသော များလှသည့်လုပ်ပိုင်ခွင့်အာဏာများဖြင့် ကာကွယ်ရေးဦးစီးချုပ်သည်
ပြည်သူ့လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင်


- မိမိသမီး၏မင်္ဂလာဆောင်တွင် စိန် လက်ဖွဲ့ပေးမည့်သူများကို လာဘ်ယူ၍ ရွေးချယ်ခြင်း၊

- ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးကို လာဘ်ပေး၍ အရည်အချင်းရှိကြောင်း ထောက်ခံစာ ယူထား
သူများကို ရွေးချယ်ခြင်း၊

- ပါရဂူဘွဲ့ယူပြီးရင် ရိုးရိုးဘွဲ့ ဆက်တက်နိုင်အောင် ကြိုးစားကြဆိုသော အရည်အချင်း မရှိသော၊ ဆင်းရဲမွဲတေ
နေတဲ့သူတွေသာ ကျောင်းဆရာ လုပ်စားကြတာလို့ နှိမ်ချစော်ကားစွာပြောတတ်၍ လူ့ယဉ်ကျေးမှု နားမလည်
သော၊ ယခုခေတ်ကာလတွင် မိသားစုတစ်စု တစ်လ ၅၀၀၀ကျပ်နဲ့ ထမင်းစားလို့ ရသည်ဟု လိမ်လည်ပြော
တတ်သော လူစားမျိုးများကို ပညာရေးဝန်ကြီးများအဖြစ်ခန့်ထားသကဲ့သို့ ကိုယ်စားလှယ်များကိုရွေးချယ်ခြင်း၊

- မိမိသမီး စီးလာသော လိုင်စင်မဲ့ကားကို တာဝန်နှင့် ဥပဒေအရ တားဆီးစစ်ဆေးသော ယာဉ်ထိန်းရဲကို
အလုပ်မှ ဖြုတ်ပစ်ခြင်း၊

- ကာကွယ်ရေးဦးစီးချုပ်၏ သမီးများက ပုဂံနှင့် မန္တလေးတို့တွင် ဈေးသည်များထံမှပစ္စည်းများကို ငွေမရှင်းပဲ
လုယက်ယူငင်ခြင်း၊

- နိုင်ငံ့လက်ရွေးစင်များပင်လျှင် ၀န်ကြီးထံ ခွင့်တောင်းပြီးမှ သုံးခွင့်ရသော နိုင်ငံပိုင် အားကစားကွင်းကို မိမိ၏ မြေးကို အပျော်ကစားစေခြင်း၊

- အခြေခံဝန်ထမ်းများ ထမင်းမစား၊ အ၀တ်မ၀တ်ဘဲ စုဆောင်းလျှင်ပင် နှစ်ပေါင်း သုံး လေးရာ စုရမည့် ငွေပမာဏကို မိမိ၏မြေး မွေးနေ့ တစ်ရက်စာအတွက် သုံးစွဲနိုင်ခြင်း၊

- မိမိလစာ၏ နှစ်ပေါင်း ၆၀၊ ၇၀ စာကို ရွှေတိဂုံဘုရား၊ ဗုဒ္ဓဂါယာတို့၌ လှူဒါန်းနေနိုင်ခြင်း၊

- တပ်မတော်ခေတ်မီရေး စီမံကိန်းများအတွက် လက်နက်ဝယ်ယူရာတွင် အမှန်တကယ် ၀ယ်ယူသင့်သည်ကို မ၀ယ်ယူဘဲ မိမိ၏သားမက် ပွဲခရသော ကုမ္ပဏီမှ ၀ယ်ယူခြင်း၊

- စနစ်တကျ လေ့ကျင့်ထားပြီး တာဝန်ထမ်းဆောင်နိုင်သူများရှိပါလျှက် အသက် ၆၀ ပြည့်ပြီးသော်လည်း ရာထူးမှ အနားမယူဘဲ အာဏာအလွဲသုံးစားလုပ်၍ သူတစ်ပါးရရှိမည့် ရာထူးအာဏာကို ဖြတ်လမ်းမှရယူခြင်း၊

- ပြည်ထဲရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို မိမိ၏ လက်ကိုင်ဒုတ်အဖြစ် အသုံးချကာ မိမိသမီး၏ မင်္ဂလာဆောင်အခွေ ကြည့်မိသူများကို နိုင်ငံတော်အကြီးအကဲကို အကြည်ညိုပျက်အောင် လုပ်မှုဖြင့် ဖမ်းဆီး ထောင်ချခြင်း၊

- ဗုဒ္ဓဘာသာကို အလွန်ညစ်ညမ်းစွာ ပျက်လုံးထုတ်ထားသော အငြိမ့်ခွေများကို ထုတ်လုပ်ဖြန့်ချီခွင့်ပေးထား
၍၊ ဗုဒ္ဓကို အကြည်ညိုပျက်အောင် လုပ်ကိုင်ခွင့်ပြုထားခြင်း၊

- မင်းကျင့်တရား ၁၀ ပါး တရားတော်ကို ဟောကြားခွင့်ပိတ်ပင်ခြင်းဖြင့် ထေရဗုဒ္ဓ သာသနာကို ရည်ရွယ်
ချက်ရှိရှိ အကွက်ချ၍ ဖျောက်ဖျက်ခြင်း၊

- နိုင်ငံတော်အကြီးအကဲကာကွယ်ရေးဦးစီးချုပ်က ဗုဒ္ဓထက် မြတ်သည် ဟု ပြည်သူများလက်ခံလာစေရန် အစီအစဉ်ရှိရှိ အကွက်ချလုပ်ဆောင်ခြင်း၊

- တပ်မတော်အတွင်းမှ ဥပဒေကျူးလွန်သူများကို နောက်ဆုံးအတည်ပြုအမိန့်ချမှတ်၍ အပြစ်ပေးနိုင်သော ကာကွယ်ရေးဦးစီးချုပ်သည် သူနှင့်သူ၏မိသားစုများ အထက်ပါအတိုင်းကျူးလွန်ခဲ့သော ပြစ်မှု ရာဇ၀တ်မှုများကို မိမိကိုယ်ကို မှန်ထဲကြည့်၍ အမှုမှကွင်းလုံးကျွတ်လွတ်စေဟု ဆုံးဖြတ်ခြင်း၊

- အခြားသောသူများကိုလည်း ကျူးလွန်ထားသည့် အမှုချင်း၊ အပြစ်ဒဏ်ချင်းတူသော်လည်း တစ်ဦးကို ဌာနပြောင်းပေး၊ တစ်ဦးကို အငြိမ်းစားပေး၊ တစ်ဦးကို ထောင်ထဲပို့၊ တစ်ဦးကို နိုင်ငံတော်စရိတ်ဖြင့် ထမင်းကျွေး ထားခြင်းများ ပြုလုပ်၍ ဘက်လိုက်ခြင်း၊ အဂတိလိုက်စားခြင်း စသည့် အာဏာအလွဲသုံးစား လုပ်ပြီး ကိုယ်
ကျင့်စာရိတ္တပျက်ပြားနေခြင်းတို့ ဖြစ်ပါသည်။

ဤသို့ မလိုလားအပ်သည့် ပြဿနာများ တိုင်းပြည်အတွင်း မဖြစ်ပေါ်စေရန် အတွက် မည်သူတစ်ဦး
တစ်ယောက်ကမှ တာဝန်ခံနိုင်မည် မဟုတ်ပါ။ အဘက်ဘက်က သေသေချာချာ တွက်ချက်၍ စစ်မှန်သည့်
ပြည်သူ့ကိုယ်စားလှယ်များက ၀ိုင်းဝန်းရေးသား ပြဌာန်းထားသော တိကျခိုင်မာသည့် ဥပဒေကသာ ပြည်သူ
များအပေါ် အာမခံချက် အပြည့်အ၀ဖြင့် တာဝန်ခံနိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ညီလာခံကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ညီလာခံမှ ထွက်ပေါ်လာမည့် အခြေခံ
ဥပဒေအား တိုင်းပြည်နှင့် နိုင်ငံသားတို့၏အကျိုးကို ရှေးရှု၍ အထက်ပါ အချက်အလက်များကို သေချာစဉ်းစားကာ အစိုးရ၀န်ထမ်း အကြီးအကဲများ၏ ကိုယ်ကျင့်တရားဆိုင်ရာ ထိမ်းသိမ်းသည့် ဥပဒေ အချက်အလက်များကို ထည့်သွင်း ရေးဆွဲနိုင်ရန် တင်ပြ တောင်းဆိုလိုက်ပါသည်။



ပြည်တွင်းပြည်ပမြန်မာလူငယ်များ

တိုင်းပြည်ဖျက်သူ အဓိကတရားခံများကို ဖေါ်ထုတ်သပိတ်မှောက်ခြင်း

တိုင်းပြည်ဖျက်သူ အဓိကတရားခံများကို ဖေါ်ထုတ်သပိတ်မှောက်ခြင်း

၎.၃.၂၀၀၇

လက်ရှိမြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှမြန်မာလူငယ်များအချင်းချင်း လွတ်လပ် ပွင့်လင်းစွာဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြရာ ရလဒ်အဖြစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး အစရှိသည့် အဖက်ဖက်တွင် နိမ့်ကျပျက်စီး၍ ပြည်သူလူထုအားလုံး ဒုက္ခများစွာနှင့် ကြုံတွေ့နေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၄င်း တို့ မိသားစု၏ ကိုယ်ကျိုးစီးပွါး အတွက် နိုင်ငံတော်၏ အမြင့်ဆုံး အမိန့်အာဏာကို အလွဲသုံးစားလုပ်၍ စီမံခန့်ခွဲ ချယ်လှယ်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် မိသားစု၊ ယင်းတို့နှင့်ပူးပေါင်း၍ မတရားကိုယ်ကျိုးရှာနေကြသော စီးပွားရေးသမားများကြောင့် ဖြစ်သည်ကို ကန့်ကွက်သူမရှိ တွေ့ရှိလာရပါသည်။ ထို့ ပြင် မိမိ၏ အာဏာတည်မြဲစေရေး အတွက် တပ်မတော် နှင့် ပြည်သူတို့  အကြား အထင်လွဲမှားစေမှုများ အစဉ်တစိုက်ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသည့် မြန်မာ့တပ်မတော်အနေဖြင့် အမိန့်အာဏာကို အလွဲသုံးစားလုပ်ပြီး မတရားကိုယ်ကျိုးရှာနေကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် မိသားစု ၊ ကြံရာပါ စီးပွါးရေး လုပ်ငန်းရှင်များအား တပ်မတော်၏ ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာကိုငဲ့၍ ထိရောက် ပြတ်သားစွာ အရေးယူပေးပါရန် ပြည်သူလူထု ကိုယ်စား ပြည်တွင်း ပြည်ပမှ မြန်မာလူငယ်များမှ တောင်းဆိုအပ်ပါသည်။ ယင်းတို့၏ ကိုယ်ကျိုးရှာ မတရားစီးပွါရေးလုပ်ငန်းများကို ဖေါ်ထုတ်၍ မိမိတို့သေရေးရှင်ရေးအတွက် မရှိမဖြစ်သုံးစွဲရသော ပစ္စည်းများမှလွဲ၍ လုံးဝမ၀ယ်ယူ မစားသုံးခြင်းဖြင့် ပြည်သူအားလုံးက အဆင့်ဆင့် သပိတ်မှောက်ဆန္ဒပြကြမည်ဖြစ်ပါသည်။ စာရိတ္တသပိတ်
စစ်အာဏာရှင်များ အကြိုက်လိုက်၍ မိမိကိုယ်ကျိုးတခုထဲကိုသာကြည့်သော စာပေသမား အမည်ခံများ ဦးစီးထုတ်ဝေလျက်ရှိသည့် အောက်ပါ ဂျာနယ်များ... သတင်းစာများ နှင့် ဦးဆောင်ခိုင်းစေသူ ဗိုလ်မှုးချုပ် ကျော်ဆန်း ပိုင်ဆိုင်သော ဆိုက်ဘာအင်တာနက် တို့ အား သပိတ်မှောက်လိုက်သည်။ ၁။ မြေနီကုန်း ဆိုက်ဘာအင်တာနက် ( ဗိုလ်မှူးချုပ်ကျော်ဆန်း ) ၂။ မြန်မာတိုင်း ဂျာနယ် ( ဒေါက်တာတင်ထွန်းဦး ) ၃။ ပြည်မြန်မာဂျာနယ် ( ဒေါက်တာတင်ထွန်းဦး ) ၄။ သုတစွယ်စုံမဂ္ဂဇင်း ( ဒေါက်တာတင်ထွန်းဦး ) ၅။ သတင်းလွှာဂျာနယ် ( ဒေါက်တာတင်ထွန်းဦး ) ၆။ မဟာဂျာနယ် ( ဦးမြတ်ခိုင် ) ၇။ အချစ်ဂျာနယ် ( ဦးမြတ်ခိုင် ) ၈။ လျှပ်တပြက်ဂျာနယ် ( ဦးမြတ်ခိုင် ) ၉။ ကောင်းသတင်းဂျာနယ် ( ဦးမြတ်ခိုင် ) ၁၀။ ကြီးပွားရေးမဂ္ဂဇင်း ( ဦးမြတ်ခိုင် ) ၁၁။ ဂီတဂျာနယ် ( ဦးမြတ်ခိုင် ) ၁၂။ ပေါ်ပြူလာဂျာနယ် ( ဦးဟိန်းလတ် ) ၁၃။ မြန်မာ့အလင်း သတင်းစာ ၁၄။ ကြေးမုံ သတင်းစာ ပြည်သူလူထုအနေဖြင့် မိမိတို့ ၏ အထွေထွေ အကျပ်အတည်းများ အတွက် မိမိတို့  ကိုယ်တိုင်ပါဝင်ကာ ကိုယ်ကျိုးရှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် ကိုယ်ကျိုးတခုထဲကိုသာကြည့်သော စာပေသမားအမည်ခံ ကိုယ်ကျိုးရှာစီးပွားရေး သမားများအား ပြင်းထန်စွာ ဆန့် ကျင်သပိတ်မှောက်ကြပါရန်နှင့် အထက်ပါ စာရင်းများအား ၀ယ်ယူသုံးစွဲမှု လုံးဝ မပြုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ မိမိတို့နှင့်နီးစပ်ရာကို သတင်းဖြန့်ဝေပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်တွင်းပြည်ပမြန်မာလူငယ်များ